Contract farming in Myanmar: From expectations to exploitation

Creator: HBS MM. All rights reserved.

မြန်မာနိုင်ငံမှ လွတ်လပ်ရေးရကတည်းပင် နိုင်ငံတော်သည်သာလျှင် မြေယာကို ပင်ရင်းပိုင်ဆိုင်သူဖြစ်ကြောင်း ဥပဒေကြောင်းအရ ပြဌာန်း ခဲ့သည်။ ကနဦးကတည်းကပင် မြေယာပိုင်ဆိုင်မှု ပြဌာန်းချက်များအရ လယ်သမားထံမှ မြေကို နိုင်ငံတော်က အလိုရှိခဲ့လျှင် ပြန်လည် သိမ်းယူနိုင်သည့် အာဏာရှိသည်။ လယ်လုပ်သူလယ်ပိုင်ရမည်ဟူသော မူဖြင့် ပိုင်ဆိုင်မှု လက်လွှဲလက်ပြောင်းမပြုနိုင်သော လယ်ယာလုပ်ကိုင်ခွင့်ကို လယ်သမားထံ နိုင်ငံတော်က ပေးအပ်ထားသည်။

နိုင်ငံတော်၏ အကျိုးကျေးဇူးအလို့ငှာ ကိစ္စရပ်များအတွက် မည်သည့်မြေယာကို မဆို ပြန်လည်သိမ်းယူခွင့်ရှိသလို ပြန်လည် ခွဲဝေနေရာချထား ခွင့်လည်းရှိသည်။ ထိုအခြေအနေများကပင် မူလလက်ငုတ်လက်သမားတို့ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို ထိခိုက်စေသည့် အဖြစ်အပျက်များစွာသို့ ဦးတည် လာခဲ့သည်။

၁၉၉၀ နောက်ပိုင်းနှစ်များတွင် အစိုးရသည် လုပ်ငန်းရှင်အကြီးစားများပါဝင်ပတ်သက်သော စက်မှုလယ်ယာ စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးတိုးတက်စေမည်ဆိုသော မူဝါဒမျိုးကို စတင်မိတ်ဆက်ခဲ့သည်။ ထိုအချိန်မှ စကာ မြေလွတ်မြေရိုင်းမဟုတ်တော့သော စိုက်ပျိုးရေးမြေများစွာမှာ ထိုမူဝါဒအရ အကောင်အထည်ဖော်သော စိုက်ပျိုးရေး လုပ်ငန်းကြီးများကို ဦးစီးသည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများလက်ဝယ်သို့ရောက်ရှိလာခဲ့သည်။ လက်ရှိ မြေပြင် အခြေအနေမှန်ကို ထင်ဟပ်သည့် မြေပုံများမရှိခြင်း၊ လယ်ယာမြေသန်းခေါင်စာရင်းမှန်မှန်မကောက်နိုင်သည့် အခြေအနေ ဖြစ်နေခြင်းစသည့်အကြောင်းတရားများက မူဝါဒရေးရာအကောင်အထည်ဖော်သူများအနေဖြင့် တကယ့်လက်တွေ့တွင် ၄င်းတို့ အသုံးချလိုသော မြေများမှာ မြေလွတ်မြေရိုင်းများမဟုတ်တော့ဟူသော အချက်ကို မေ့လျော့စေခဲ့သည်။ စစ်အစိုးရလက်ထက်တလျှောက်လုံးတွင် မြေလွတ်မြေရိုင်းဟု အစိုးရက သတ်မှတ်ထားသော မြေများကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား စက်မှုစီးပွား စီမံကိန်းများလုပ်ကိုင်ခွင့်ပေးခဲ့သည်မှာဟက်တာ ၅.၂ သန်း ခန့်ပင်ရှိသည်ဟု ဆိုကြသည်။ ထိုမြေလွတ်မြေရိုင်စာရင်းဝင်မြေယာဟက်တာပေါင်းများစွာသည် အမှန်တကယ်တွင်မူ ရပ်ရွာက စုပေါင်း ပိုင်ဆိုင်သော မြေများအနေဖြင့်လည်းကောင်း၊ တောင်ပေါ်တိုင်းရင်းသားတို့ ဓါးမဦးချ စိုက်ပျိုးလာခဲ့ကြသော မြေများလည်း ပါဝင်ခဲ့ကြသည်။ ထိုဓါးမဦးချလုပ်ကိုင်လာခဲ့သော ဘိုးဘွားစဉ်ဆက် နေထိုင်ကျင်လည်ခဲ့ကြသည့် မြေများပေါ်မှ တိုင်းရင်းသားများစွာသည် မြေယာကို မိမိတို့ ပိုင်ဆိုင်ခွင့်အဖြစ် တရားဝင်အောင် ဆောင်ရွက်သည့် လုပ်ငန်းအဆင့်ဆင့် ကိုလည်း ရင်းနှီး ကျွမ်းဝင်သူများမဟုတ်ကြပါ။ သို့ဖြစ်ရာ ထိုသူတို့မှာ မြေပိုင်အဖြစ် အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ရန်လည်း မတတ်နိုင်ခဲ့ကြပါ။ တောင်သူလယ်သမားတို့၏ မျိုးဆက်များစွာလုပ်ကိုင်လာခဲ့သော မြေများမှာ ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုများအဖြစ်သို့ ကျရောက်သွားခဲ့ရသော ဒေသများစွာပေါ်ပေါက်လာခဲ့ပါသည်။ ထိုသို့ ကုမ္ပဏီကြီးများအား လုပ်ပိုင်ခွင့် အကြီးအကျယ် ပေးအပ်ခဲ့သည့် အချိန်က အချို့သော ကုမ္ပဏီများအား မြေယာလုပ်ကိုင် ခွင့်ပေးအပ်မှုမှာ  တစ်ဦးချင်း ဧကပေါင်း ငါးသောင်းမျှကျယ်သည်အထိရှိခဲ့သည်ဟု ဆိုကြသည်။ နောက်ဆက်တွဲကမူ မူလပိုင်ရှင် တောင်သူလယ်လုပ်များ၏ လယ်ယာမြေ များဆုံးရှုံးခဲ့ရခြင်းပင်။

 Misusing contract farming for land grabbing

(ကန်ထရိုက်လယ်ယာအစနှင့် မြေယာသိမ်းယူမှုများ)

ထိုကာလ၏ မြေယာသိမ်းယူမှုအကြောင်းရင်းများတွင်  ကန်ထရိုက်လယ်ယာဟူသော ခေါင်းစဉ်လည်းပါဝင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ စကာ မြန်မာအစိုးရ သည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ကူဝိတ်နိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံသူများအား ကန်ထရိုက် လယ်ယာတွင်  ပါဝင်ဆောင်ရွက်ရန် လမ်းဖွင့်ခဲ့ကြောင်းတွေ့ရသည်။ ဥပမာ ထိုင်းလုပ်ငန်းရှင်များသည် ထိုင်း မြန်မာ နယ်စပ် အနီးတွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးမြေ ဧကပေါင်း ၁၂၀၀၀၀ အထိ ဆောင်ရွက်ခဲ့သည်။ ထိုအချိန်က ကုမ္ပဏီများ၏ ကန်ထရိုက်လယ်ယာခေါင်းစဉ်အောက်မှလုပ်ငန်းဆောင်ရွက်မှုများမှာ အမှန်တကယ်တွင် ပီပြင်သော ကန်ထရိုက်လယ်ယာဟု ဆိုရန် ခက်ပါသည်။ အောင်မြင်သော ကန်ထရိုက်လယ်ယာလုပ်ငန်းများတွင် တွေ့ရလေ့ရှိသော လုပ်ငန်းရှင်နှင့်လယ်သမားကြား လယ်ယာထွက်ကုန်ထုတ်လုပ်ခြင်း၊ ဈေးကွက်သို့ တင်ပို့ခြင်းဆိုင်ရာ အချိတ်အဆက် များတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြသည်မဟုတ်ပေ။ ယေဘုယျ အားဖြင့် ကန်ထရိုက်လယ်ယာစနစ်တစ်ခုတွင် လယ်သမားက သီးနှံကို ကုမ္ပဏီနှင့် သဘောတူထားသော ကာလ တစ်ခုတွင် မပျက်မကွက်တင်ပို့ရခြင်း၊ ပို့သော သီးနှံမှာ သတ်မှတ်အရည်အသွေးကိုပြည့်မီခြင်း၊ ထိုသို့ပြည့်မီအောင် အချိန်နှင့်တပြေးညီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက်လည်း အရည်အသွေးပြည့်မီသော လယ်ယာစိုက်ပျိုးရေး သွင်းအားစု များ ဖြည့်သွင်းပေးရန်၊ နည်းပညာအရ ကူညီအားဖြည့်ပေးရန် မြေယာပြုပြင်သည်အစ အခြား လိုအပ်ချက်များကို ၀န်ဆောင်မှုပေးရန် စသည့်အချက်များ ကို မပျက်မကွက်ဖြည့်ဆည်းပေးရန်ကုမ္ပဏီဘက်ကတာဝန်ယူရသည်။ ထိုသို့ နှစ်ဦးနှစ်ဘက် ဟန်ချက်ညီနေသော် အကျိုးအမြတ်ကို နှစ်ဘက်စလုံးက ထိုက်သင့်သည့်အတိုင်းခံစားကြရသည်။ လယ်ယာကထွက်လာသော ကုန်ကိုလည်း ကုမ္ပဏီဘက်က မ၀ယ်သည်ဟူမရှိ၊ ဈေးနှုန်းသင့်တင့်စွာရစေသောကြောင့် လယ်သမားမှာ မနစ်နာပေ။ ထိုနည်းတူပင် ကုမ္ပဏီဘက်ကလည်း ဈေးကွက်သို့ ပို့ရန် ပစ္စည်းပြတ်သည်ဟူ၍မရှိ၊ မိမိ တို့ ရလိုသော အရည်အသွေးအတိုင်းပြည့်မီသည့် ကုန်စည်ကို စိတ်ချလက်ချ ရနိုင်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည် များကမူ ထိုသို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းခြင်းဆီသို့ ရောက်ရှိနိုင်ခဲ့သည့်အဖြစ်က ရှားပါသည်။ ကန်ထရိုက်လယ်ယာ စစ်စစ်ထက် ကန်ထရိုက်လယ်ယာအမည်မှာ လယ်သမားထံမှ မြေကို နိုင်ငံတော်အမိန့်အားဖြင့် လုပ်ငန်းရှင်ထံ ရောက်အောင် သုံးစွဲခဲ့သော အမည်တစ်ခုထက်မပိုသော အဖြစ်က များပါသည်။ အချို့သော ဒေသများတွင်မူ ကုမ္ပဏီ အချို့က သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေးအနည်းငယ်ပေးကာ လယ်သမားကို နှစ်သိမ့်သည့်  အဖြစ်များ ရှိခဲ့သော်လည်း ထိုအဖြစ်မျိုးမှာ ကုမ္ပဏီ၏ သိက္ခာကို လယ်သမားအားလျော်ကြေးပေးပြီးမြှင့်တင်လိုသော အခါတွင် လည်းကောင်း၊ ဒေါသထွက်နေသော လယ်ပိုင်ရှင်များအား နှစ်သိမ့်လိုသည့်အခါတွင်လည်းကောင်း ဖြစ်ပေါ်တတ်လေ့ ရှိသသည်။ ဥပမာ မက်စ်မြန်မာ ကုမ္ပဏီ၏ ၀က်ဆိုက်ဒ်ကို ကိုးကားရလျှင် ကုမ္ပဏီအနေဖြင့် လယ်သမား ၅၀ ထံမှ မြေဧက၃၉၁ ဧကအား စက်မှုလယ်ယာလုပ်ငန်းလုပ်ကိုင်ရန် သိမ်းယူခဲ့ရာ တစ်ဧကလျှင် နှစ်သောင်းကျပ်ခန့် လျော်ကြေးပေးခဲ့ ကြောင်းဖော်ပြထားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်းကျရောက်သော ရန်ကုန်မြို့နှင့် အနီးတ၀ိုက်တွင် တည်ရှိသော လယ်မြေတဧကအတွက် ဒေါ်လာ ၂၀ မျှ ပေါက်သော မြေဈေးနှုန်းမှာ ကျေနပ်ဖွယ်ရာ တရားမျှတသော ဈေးနှုန်းဟု ဆိုရန်ခက်ပါလိမ့်မည်။ သို့သော် ထိုကုမ္ပဏီက လျော်ကြေးပေးသကဲ့သို့ လျော်ကြေးပင် ပေးရန် ဂရုမစိုက်သော ကုမ္ပဏီများစွာလည်းရှိနေပြန်ပါသေးသည်။ ကျေနပ်ဖွယ်ဖြစ်သော လျော်ကြေးဟူသည်မှ ဝေးစွ၊ လယ်သမားမှာလည်း ရွေးစရာမရှိသဖြင့် ပေးသမျှနှင့်တင်းတိမ်ရသောအခြေအနေမျိုးသာဖြစ်သည်။ ဤအခြေအနေတွင် စက်မူလယ်ယာ၊ ကန်ထရိုက်လယ်ယာဆိုသည်မှာ လယ်သမားအကျိုးထက် ကုမ္ပဏီကို ပို၍အကျိုးဖြစ်ထွန်းစေနိုင်သည်။

၂၀၁၁ ခုနှစ်တွင်အာဏာရလာခဲ့သော ဦးသိန်းစိန် အစိုးရ မတိုင်မီ ယခင်အစိုးရလက်ထက်က မြေသိမ်းခံခဲ့ရသော လယ်သမားများအနေဖြင့် ၄င်းတို့၏နစ်နာချက်များကို ဖော်ထုတ်၍ ထိုက်သင့်သော မြေယာပိုင်ဆိုင်ခွင့်ကို တောင်းဆိုရန်မှာ ဖြစ်နိုင်သည့် ကိစ္စ မဟုတ်ခဲ့ပါ။ ယခင်အစိုးရလက်ထက်တွင် မကျေနပ်ချက်ကို ထုတ်ဖော်လျှင် နှိမ်နင်းခံရရုံသာ ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ပိုမိုပွင့်လင်းလွတ်လပ်ခွင့်ရရှိလာချိန်တွင် မြေယာသိမ်းဆည်းခံလယ်သမားများ၏  မကျေနပ်ချက်များ၊ အရေးဆိုသံများပေါ်ထွက်လာခဲ့သည်။ နက်ရှိုင်းသော မြေယာပြဿနာဆိုင်ရာ မကျေနပ်ချက်များသည် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးကာလအတွင်း ပိုမိုကျယ်လောင်စွာပေါ်ထွက်ခွင့်ရလာခဲ့သည်။ မကျေနပ်ချက်များကို လယ်သမားများနှင့်လယ်ယာမြေပိုင်ဆိုင်မှုတွင် တရားမျှတရှိရေး လှုပ်ရှားသူများက တရားဝင်လမ်းကြောင်းများမှ တင်ပြကာ မြေယာကိစ္စများဖြေရှင်းပေးရန် အရေးဆိုလာနိုင်ခဲ့ကြသည်။ ရလဒ်တစ်ခုမှာ ၂၀၁၂ ခုနှစ်တွင် လွှတ်တော်တွင်း၌ မြေယာသိမ်းဆည်းမှုများစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။

 Land conflicts may continue despite new laws

(မြေယာမူဝါဒသစ်ပေါ်ပေါက်လာသော်လည်း ဆက်လက်ဖြစ်ပေါ်နေဖွယ်မြေယာရယူမှုများ)

မြန်မာနိုင်ငံ၏ စက်မှုလယ်ယာစီမံကိန်းကြီးများသည် အောင်မြင်ခဲ့သည့်အခြေအနေမရှိသော်လည်း ကန်ထရိုက်လယ်ယာ ဟူသော ခေါင်းစဉ်မှာ မူဝါဒစားပွဲဝိုင်းများတွင် အရေးပါနေဆဲပင်ဖြစ်သည်။ မြန်မာအစိုးရသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့ (OECD)ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စိုက်ပျိုးရေးကဏ္ဍ တွင် ကန်ထရိုက်လယ်ယာအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးသည့် မူဝါဒများကို ရေးဆွဲရန် ပြင်ဆင်နေခဲ့သည်။ ၂၀၁၆ခုနှစ်စက်တင်ဘာလတွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တစ်ရပ်ကိုပြဌာန်းလိုက်ရာ ထိုဥပဒေအရ ရင်းနှီးမြှုပ်နှံသူတို့သည် မြေငှားခွင့် မူလနှစ်ငါးဆယ်အပြင် ဆယ်နှစ်နှစ်ကြိမ်သက်တမ်း တိုးခွင့်ကိုလျှောက်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့်လည်း လယ်သမားထံသို့ တိုက်ရိုက် ချဉ်းကပ်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကန်ထရိုက်လယ်ယာကဲ့သို့ လုပ်ငန်းမျိုးအားဖြင့် မြေကိုအသုံးချ ခွင့်ပိုမိုရရှိနိုင်ပြီဖြစ်သည်။ မြေနှင့်ပတ်သက်မည့် စီးပွားရေးလုပ်ငန်းများတွင် မြေကိုမည်သို့ရယူသုံးစွဲနိုင်သည်ကို ပိုမိုတိကျစွာ ပြဌာန်းလိုက်သောကြောင့် ထိုမူဝါဒသစ်ကို နိုင်ငံခြားလုပ်ငန်းရှင်များအနေဖြင့် ကြိုဆိုခဲ့ကြသည်။

ယခင်အစိုးရလက်ထက်က ထုတ်ပြန်ခဲ့သော မြေယာဥပဒေသစ်ကလည်း လယ်သမားများကို မြေယာပိုင်ဆိုင် (လုပ်ကိုင်ခွင့်) ခွင့်ကို လွတ်လပ်စွာ ပေါင်နှံခွင့်ပေးထားပြီး လက်ပြောင်းလက်လွှဲမှာလည်း ယခင်ထက်များစွာ လွယ်ကူလာပြီဖြစ်သည်။ တစ်ဖက်က ကြည့်လျှင် ဤအခြေအနေမှာ လယ်လုပ်သူလယ်သမားများ လယ်ယာပိုင်ဆိုင်ခွင့်ကို ကူညီပေးသည်။ အခြားတစ်ဖက်တွင်ကား ဆင်းရဲတွင်းနက်နေသောလယ်သမားများအတွက် လယ်ယာကို လွယ်ကူစွာ ပေါင်နှံရောင်းချ ခွင့်ရသွားခြင်းအားဖြင့် မြေယာကို အလွယ်တကူဆုံးရှုံးနိုင်သည့် အခြေအနေသို့ ပို့ပေးနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေကလည်းစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားလုပ်ငန်းရှင်းများ၏ ရင်းနှီးမြှုပ်နှံမှုကိုအားပေးသော်လည်း ကန်ထရိုက်လယ်ယာကဲ့သို့ ကိစ္စမျိုးတွင် လယ်သမားနှင့် လုပ်ငန်းရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် တရားမျှတမှုကို ဖြစ်ထွန်းစေမည့်၊ စောင့်ကြည့်ကွပ်ကဲနိုင်မည့် အစီအမံများ မရှိသေးပါ။ လယ်သမား နှင့် စီးပွားရေးလုပ်ငန်းရှင်များကြား ညှိနှိုင်းကြသောအခါ လယ်သမားကို ပိုမို အားနည်း စေသည့် အခြေအနေများရောက်အောင် တွန်းပို့ပေးနိုင်သော ဥပဒေရေးရာအရ အားပျော့ကွက်များ သည်လည်း ရှိနေဆဲဖြစ်သည်။ ထို့ပြင် လက်ရှိ မြေယာဥပဒေသည်လည်း ဓလေ့ထုံးတမ်းအရ ဒေသခံတို့ ပိုင်ဆိုင်ခွင့်ရှိသော မြေယာများကို ကန်ထရိုက်လယ်ယာစီမံကိန်းများက မထိခိုက်ရန် လည်းအကာအကွယ်ပေးမထားပါ။ ဓလေ့ထုံးတမ်းအရ မြေပိုင်ဆိုင်မှုစနစ်များကို အကာအကွယ်မပေးနိုင်ပါက အများဆုံး နစ်နာမည့်သူများမှာ တိုင်းရင်းသားဒေသများမှ ပြည်သူများဖြစ်ကြသည်။

“မြေသိမ်းမှုတွေက အရင်ကလို စစ်သားတွေက သေနတ်တွေနဲ့ လာပြီးသိမ်းတာမျိုး၊ အပြင်က ဘူဒိုဇာတွေ ရောက်ချလာပြီး ဘိုးဘွားပိုင်မြေကိုရှင်းလင်းပစ်တာမျိုး ဟုတ်ချင်မှ ဟုတ်တော့မယ်။ အကြွေးထူနေတဲ့ လယ်သမား အတွက် လယ်ယာမြေ ကိုရောင်းဖို့ ဈေးနှုန်း မြင့်မြင့်မားမားနဲ့ အမျှားခံရတဲ့အခါ လယ်ယာကို ထိုးရောင်းလိုက်တာကလည်း မြေမဲ့ယာမဲ့ဖြစ်လာဖို့ ထောင်ချောက်တစ်ခုပါပဲ” ဟု တို့မြေကွန်ရက်မှ ကိုစည်သူကပြောပါသည်။

အချို့တောင်ပေါ်ဒေသများတွင် ကြွေးထူးနေသောလယ်သမားများသည် လယ်ယာမြေများကို တရုတ်မှဝင်ရောက်လာသော စိုက်ပျိုးရေး လုပ်ငန်းရှင်များထံတွင် အပေါင်ထားနေကြရာမှာ မြေသိမ်းခံရမှုများရှိနေပြီဖြစ်သည်။ အတိုးကြီးကြီး ကိုချေးထားသော ငွေကို မဆပ်နိုင်သောအခါတွင် မြေယာကို ရောင်းချခြင်း၊ အပေါင်ဆုံးခြင်းများက မြေမဲ့ယာမဲ့လူဦးရေကို ပိုမိုတိုးပွားလာစေသည်။ ထိုအခြေအနေမျိုးကို အခြားသော စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးရှိသော နိုင်ငံများ တွင်လည်း တွေ့နိုင်သည်။ အချို့သော လုပ်ငန်းရှင်များကမူ လယ်သမားတို့၏ ကြွေးထူနေသည့်အားနည်းချက်ကို ကောင်းစွာသိပြီး မြေကို ရယူရန် ချက်ကောင်းကို စောင့်ခြင်းမျိုးဖြစ်သည်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ကယ်ဗင်ဝုဒ်ကမူ တစုံတယောက်က လယ်သမားအား မြေကို အတင်းအကြပ် ရောင်းခိုင်းသည့် အဖြစ်မျိုးကို ကာကွယ်ရန် အစီအမံမျိုးမြန်မာနိုင်ငံတွင် မရှိနေခြင်းက အန္တရာယ်များလှသည်ဟုဆိုသည်။ ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေသော မြန်မာနိုင်ငံတွင် ကန်ထရိုက်လယ်ယာမှ တကယ် အကျိုးဖြစ်ထွန်း နေသည့် လယ်သမားများကို ကြည့်လျှင် ထိုသူတို့သည် ပင်ကို အတော်အတန် ချောင်လည်ပြီး ဓနအင်အား အတော်အတန်ရှိကာ တောင့်ခံနိုင်သည့်အနေအထားရှိသူများဖြစ်ကြသည်ကိုတွေ့ရသည်။ ကန်ထရိုက်လယ်ယာ စနစ်တွင် ပါဝင်ဖို့ရာ အလွန်ဆင်းရဲသော လယ်သမားအတွက်မူ အောင်မြင်နိုင်ခြေပိုနည်းပါသည်။ ကြွေးထူနေခြင်းကြောင့်၊ ကုမ္ပဏီအပေါ် ပို၍မှီခိုလာရကာ ကြွေးကြောင့်ပင် ကန်ထရိုက်လယ်ယာတစ်ခု၏ စည်းကမ်းများကို မလိုက်နိုင်သူဖြစ်ရန် ပို၍နီးစပ်သည်။ ထိုအဖြစ်က နောက်ဆုံးတွင်မြေသိမ်းခံရသည့် မြေယာမဲ့အဖြစ်သို့ တွန်းပို့နိုင်သည်။ ခေတ်ဟောင်းက မြေပိုင်ရှင်စနစ်ဆီသို့ တပတ်ပြန်လည်သွားနိုင်သောအခြေအနေ လည်းဖြစ်သည်။ သုတေသနအချို့ကမူ ရှမ်းပြည်နယ်နှင့် အညာဒေသများတွင် ထိုအဖြစ်အပျက်မျိုး ကို ကြုံတွေ့ခဲ့ရကြောင်းဖော်ပြကြပါသည်။ မကြာသေးခင်ကဆောင်ရွက်ခဲ့သော မီချီဂန်တက္ကသိုလ်၏ သုတေသနတစ်ခုတွင် မြန်မာနိုင်ငံ၏ လယ်သမားများ၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြားမှာ မြေယာမဲ့များဖြစ်ကြသည်ဟုဆိုသည်။ လက်ရှိ ဆင်းရဲမှုကို မလျှော့ချနိုင်လျှင် ထိုမြေယာမဲ့ အချိုးအစားမှာ ပို၍ပင် တိုးလာဖွယ်ရှိသည်။

Making contract farming a success story in Myanmar

(ကန်ထရိုက်လယ်ယာအောင်မြင်နိုင်သည့်အခြေအနေ)

ယခုအချိန်အထိ ကန်ထရိုက်လယ်ယာသည် မြန်မာနိုင်ငံတွင် အတော်အတန်အောင်မြင်သည်ဟု ဆိုရန်ပင်ခက်ပါသည်။ ထပ်တလဲလဲဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များ၊ လယ်ယာထွက်ကုန်စည်များ၏ မှန်းချက်နှင့် နှမ်းထွက် မကိုက်သော ဈေးနှုန်းမတည်ငြိမ်မှုများ၊ ရာသီဥတုပြောင်းလဲသည့်ဒဏ်များက ကန်ထရိုက် လယ်ယာတွင် ပါဝင်ကြသော လယ်သမားများ၏ ထုတ်ကုန် အရည်အသွေးကိုရော အရေအတွက်ကိုပါ ထိခိုက်စေသည်။ စိုက်ပျိုးရိပ်သိမ်းရန် ချိန်သား မကိုက်ဖြစ်လာသည်။ ထိုအခါမျိုးတွင် လုပ်ငန်းရှင်နှင့် စာချုပ်စာတမ်းပါ ကန်ထရိုက်လယ်ယာ လယ်သမား တို့လိုက်နာရမည့်အချက်များကို အပြည့်အ၀လိုက်နာရန် ခက်ခဲလာတော့သည်။

ထို့ပြင် ကုမ္ပဏီဘက်ကလည်း ဖြည့်ဆည်းပေးရမည့် ၀တ္တရားများကို အပြည့်အ၀ပေးနိုင်မှသာ လယ်သမား၏ ထွက်ကုန်ကို ပြည့်ပြည့်၀၀ မျှော်လင့်သလို ရရှိနိုင်မည်။ နည်းပညာအရ ပံ့ပိုးမှု မလုပ်ပေးနိုင်လျှင်သော်လည်းကောင်း၊ လိုအပ်သော စိုက်ပျိုးရေး သွင်းအားစုကို လိုအပ်သည့် အရည်အသွေး အရေအတွက်ပြည့်မီအောင်မပေးနိုင်လျှင်လည်းကောင်း ကန်ထရိုက် လယ်ယာတစ်ရပ်မှာ အောင်မြင်ရန် ခဲယဉ်းပါသည်။ သို့သော် စည်းကမ်းနှင့် စနစ်တကျဖြစ်သော ကန်ထရိုက်လယ်ယာစနစ်ဖြစ်ခဲ့လျှင်မူ လယ်သမားကို မြေယာမဲ့ဘ၀ကို တွန်းပို့သည့်အခြေအနေသို့ ရောက်စရာမလိုဘဲ အောင်မြင်နိုင်စရာအကြောင်းများစွာရှိပါသည်။

ဥပမာ MAPCO ခေါ် Myanmar Agribusiness Public Corporation ၏ လုပ်ငန်းအချို့မှာ ကန်ထရိုက်လယ်ယာစနစ် တစစပီပြင်လာပုံကို ပြသည်။  လယ်သမားနှင့် ကုမ္ပဏီကြားဆက်ဆံရေးကို လိုအပ်သော နည်းပညာနှင့် သွင်းအားစုများကို ကူညီပေးခြင်းဖြင့် ထိန်းထားနိုင်ပြီး လယ်သမားများ၏ ထွက်ကုန်ကို ကြိုတင်သတ်မှတ်ထားသော ဈေးနှုန်းတစ်ခုဖြင့် ၀ယ်ယူသည့်အစီအစဉ်ဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်သည်။ အချို့သော ဒေသများတွင်မူ ကန်ထရိုက် လယ်ယာစနစ်ကို အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်နေခြင်းကိုတွေ့ရသည်။ NGO အနေဖြင့် လယ်သမားနှင့် စီးပွားရေးကုမ္ပဏီကြား ဆက်ဆံရေး ချောမွေ့အောင်၊ ကန်ထရိုက်စာချုပ်များကို တရားမျှတစွာ ချုပ်ဆိုပြီး အကောင်အထည် ဖော်နိုင်အောင် စောင့်ကြည့်ပေးသည့် နေရာကိုယူကာ လယ်သမားများကို ကူညီလျှက် ရှိသည်။ ထိုဥပမာများက ကုမ္ပဏီများအနေဖြင့် ကန်ထရိုက်လယ်ယာ သည်  အစိုးရအနေဖြင့် လယ်သမားများ၏ သီးနှံအထွက်နှုန်းကို ပိုမိုကောင်းမွန်လာအောင်၊ လယ်သမားများကြွေးကင်းချောင်လည်လာအောင်ကူညီနိုင်မှသာ မြန်မာနိုင်ငံတွင် ထိရောက်အောင်မြင်လာနိုင်မည့် အခြေအနေရှိပါသည်။ နိုင်ငံလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှု၊ တစ်နိုင်တစ်ပိုင် လယ်သမားငယ်များကို  အထောက်အကူဖြစ်စေနိုင်မည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အဦများ ဖြစ်တည်လာမှု၊ တိုင်းရင်းသားနယ်များမှ ဓလေ့ထုံးတမ်းအရ တည်ရှိသော မြေပိုင်ဆိုင်မှု ပုံစံများကို မထိခိုက်စေမှုတို့ကလည်း ကန်ထရိုက်လယ်ယာ၏ အောင်မြင်မှုကို အထောက်အကူဖြစ်နိုင်ပါသည်။ ထို့ပြင် မြန်မာလယ်သမားတို့၏ နည်းပညာအခက်အခဲကိုဖြေရှင်းပေးရန် သုတေသန လုပ်ငန်းများနှင့် ရိပ်သိမ်းချိန်လွန် နည်းပညာအားဖြင့် ကူညီပံ့ပိုးမှုများလိုအပ်ပါသည်။ ထိုကဏ္ဍများတွင် အပြောသက်သက်မဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြရန်မှာအချိန်ပင်လွန်နေပါပြီ။ အိမ်နီးချင်းထိုင်းနိုင်ငံသည် စိုက်ပျိုးရေးကိုအထူးပြုသော နိုင်ငံတစ်ခု ဖြစ်ခဲ့ရာ လွန်ခဲ့သော နှစ်၄၀ အတွင်း စိုက်ပျိုးရေးသုတေသန နှင့် တက္ကသိုလ်များ၏ အရေးပါမှုကို များစွာဂရုပြုခဲ့သည်။ စိုက်ပျိုးရေးတက္ကသိုလ်များ၊ ကျောင်းများကို တည်ထောင်လာခဲ့ရာ ပြည်နယ်တိုင်းနီးပါးတွင် စိုက်ပျိုးရေး နည်းပညာ ဖြန့်ဖြူးခြင်းနှင့် သုတေသနကို လယ်သမားများလက်လှမ်းမီလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၄၈ လွတ်လပ်ရေး ရကတည်းက စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုတည်းသာရှိခဲ့သည် ယခုအချိန်ထိတိုင်ပင်ဖြစ်သည်။

ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် ကန်ထရိုက်လယ်ယာကို ဦးစားပေး ကဏ္ဍတစ်ခုအနေဖြင့် ဆက်လက်အကောင်အထည်ဖော်လျှက်ရှိသည်။ လယ်သမားများ၏ ဘ၀ကိုမြှင့်တင်ပေးသည့် ကန်ထရိုက်လယ်ယာအဖြစ်ပေါ်ထွန်းလာရန်ကား ခေတ်အဆက်ဆက်တည်မြဲခဲ့သည့် လယ်ယာမြေကို နိမ့်ကျစေသော မူဝါဒများကို ပြုပြင်နိုင်မှသာ လယ်သမားများအကျိုးများပါလိမ့်မည်။ လယ်သမားများနိမ့်ကျလွန်းသော၊ ကြွေးမကင်းသော အခြေအနေတွင် ကန်ထရိုက်လယ်ယာမှ ထိုက်သလောက်အကျိုးဖြစ်ထွန်းရန်ခက်ပါလိမ့်မည်။

နွဲ့ကေခိုင်

All rights reserved.

Add new comment